မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ အသင်းဝင်စေတနာ့ဝန်ထမ်းများအား MNCH & Data Training for Volunteer သင်တန်းဖွင့်လှစ်ပေး၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းများအား High Impact Maternal, Newborn and Child Health Project (HI-MNCH) စီမံချက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ Hotel MEDIRA အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်ဆိုင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် (၆) ခရိုင်မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာ စန်းစန်းမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံချက်လုပ်ငန်းစဉ်များပါ အချက်များနှင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားကာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသားစေတနာ့ဝန်ထမ်းများအတွက် သင်ထောက်ကူပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဗဟိုမှအဖွဲ့ဝင်များနှင့် ပြည်နယ်အသင်းနာယက၊ ဥက္ကဋ္ဌနှင့် သင်တန်းသားစေတနာ့ဝန်ထမ်းများက တစ်ဦးချင်းအသီးသီးမိတ်ဆက်ခဲ့ကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည့် စီမံချက်ပါလုပ်ငန်းများနှင့် စပ်လျဉ်း၍ သင်ခန်းစာများကို ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ အသင်းဝင် စေတနာ့ဝန်ထမ်း (၃၀) ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး တွေ့ဆုံပွဲတွင် ဗဟိုဥက္ကဋ္ဌ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ သားဖွားခန်း (၂) ခန်းအတွက် ထောက်ပံ့ငွေကျပ် လေးသိန်းကို ပေးအပ်ခဲ့ကြရာ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)