မောက်မယ် ဖေဖေါ်ဝါရီ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီဝယ်ယူရာတွင် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချနေသော ဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ယခုနွေရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် ဆိုင်ပတ်ဝန်းကျင်၌ မီးတားလမ်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သည့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတို့က မြို့နယ်စက်သုံးဆီအရောင်းဆိုင် မှစတင်၍ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု၊ စက်သုံးဆီများစနစ်တကျသို လှောင်ထားရှိမှုအခြေအနေများ၊ ယခုနွေရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် ဆိုင်ပတ်ဝန်းကျင်၌ မီးတားလမ်းများဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ လိုအပ်ပါကသက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးပြောကြား၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်