တိုက်ကြီး ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ထပ်တိုးဆောင်ရွက်ခွင့်ရသော မိသားစုဝင်ငွေတိုးပွားရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (ပထမအကြိမ်) ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးပေးသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ လိုအပ်သည့် အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ထပ်တိုးဆောင်ရွက်ခွင့်ရသော အိုင်ကလောင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၁ ဦး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ပထမအကြိမ်) ချေးငွေအောင်သူ စုစုပေါင်း ၈၉ ဦးအား ငွေကျပ် ၂၉၄ သိန်းကို မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းတာဝန်ခံတို့က လက်ဝယ်အရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)