ပျော်ဘွယ်မြို့နယ်၌ လေပြင်းဘေးဒဏ်ခံနိုင်ရည်မရှိသောနေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လေပြင်ဘေးဒဏ်ခံနိုင်ရည်မရှိသော နေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးထွန်းမင်းဆွေက မိမိတို့မြို့နယ်၌ ယခုလိုရာသီတွင် လေပြင်းဘေးအန္တရာယ်ခံစားခဲ့ရသည့် အခြေအနေများနှင့် ပြန်လည်ပြင်ဆင်ပေးခဲ့ရမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူက ပျော်ဘွယ်မြို့နယ်အတွင်း လေပြင်းဘေးအန္တရာယ် ခံနိုင်ရည်ရှိသော အဆောက်အဦများ ဖြစ်လာစေရန် အားဖြည့် ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ လေပြင်းဘေးဒဏ် ခံစားရလေ့ရှိသော ကျေးရွာများသို့ သွားရောက်၍ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စာရင်းများ ကောက်ယူခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိ ကျေးရွာများသို့ သွားရောက်၍လည်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)