တံတား ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လျှပ်စစ်မီးမှ မီးလောင်မှုမဖြစ်စေရေး၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဇော်၊ တံတားနယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးထွန်းအောင်ကျော်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ စာသင်ခန်းများရှေ့တွင် မီးသတ်ဆေးဘူးများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ ရေလှောင်ကန်များထားရှိမှု၊ အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ဆွေးမြေ့ပေါက်ပြဲခြင်း ရှိ၊မရှိ၊ မီးခလုတ်များ၊ breaker မိန်းခလုတ်များ ကောင်း၊မကောင်းတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)