ဒေါပုံသင်္ဘောကျင်းဝင်းအတွင်း၌ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator Assessment Centre နှစ်ထပ် (RC) အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်းဝင်းအတွင်းရှိ မြေနေရာ၌ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator Assessment Centre နှစ်ထပ် (RC) အဆောက်အအုံ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူများနှင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသည် မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၈) နှစ်မြောက်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ထင်ဟပ်ပြသနေသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်ကြောင်း၊ အဆောက်အအုံတည်ဆောက်ရန် စတင်ဆောင်ရွက်ခြင်းသာမက မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ထင်ဟပ်ပြသသည့် သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း၊ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပံ့ပိုးပေးသည့် အိန္ဒိယနိုင်ငံအစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတ်မှတ်အချိန်ဇယားများအတိုင်း စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် နိုင်ငံတကာအဆင့်မီ Simulator Assessment Centre တစ်ခုဖြစ်ပေါ်လာစေရန် တာဝန်ရှိသူအဆင့်ဆင့်အား အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က အမှာစကားပြောကြားပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က Simulator Based Training, Assessment and Exam System for Seafarers စီမံကိန်းနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် Simulator Assessment Centre တည်ဆောက်မည့် မြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဧည့်သည်တော်များက ပန္နက်တော်ကို စိုက်ထူပြီး အမွှေးနံ့သာရည်ပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)