မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

မိုးကောင်း ဖေဖော်ဝါရီ ၂၁

ပူပြင်းချောက်သွေ့‌သော နွေရာသီရောက်ရှိလာသည့်အတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မိုးကောင်းမြို့မဈေး၌ ဖေဖော်ဝါရီ (၂၀) ရက် နေ့လယ် (၁) နာရီခွဲတွင် ဆောင်ရွက်သည်။

မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးကျရောက်လာပါက အထိရောက်ဆုံးနှင့်အမြန်ဆုံးကာကွယ်ရေး တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦလဂျွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး မီးသတ်သန္ဓေ/အရန် (၁၀) ဦးစီက မီးငြှိမ်းသတ်ယာဉ် (၃) စီး ရေသယ်ယာဉ် (၁) စီးဖြင့် ဈေးသို့ မီးငြှိမ်းသတ်ခြင်း သရုပ်ပြကြသည်။

ထို့နောက်ဈေးသူဈေးသားများနှင့်မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မီးဘေးအန္တရာယ်မှကာကွယ်ရန်အတွက် မီးဘေးလုံခြုံရေးအတွက် မီးလောင်ခြင်းအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်းနှင့် ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ကြသည်။ 

အဆိုပါဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊  ရပ်မိရပ်ဖများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

သန်းလွင်ဦး