ပျော်ဘွယ် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လေပြင်ဘေးဒဏ်ခံနိုင်ရည် မရှိသောနေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးထွန်းမင်းဆွေက မိမိတို့မြို့နယ်၌ ယခုရာသီတွင် လေပြင်းဘေးအန္တရာယ်ခံစားခဲ့ရသည့်အခြေအနေများနှင့် ပြန်လည်ပြင်ဆင်ပေးခဲ့ရမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မန္တလေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးအေးမင်းသူက ပျော်ဘွယ်မြို့နယ်အတွင်း လေပြင်းဘေးအန္တရာယ်ခံနိုင်ရည်ရှိသော အဆောက်အဦများဖြစ်လာစေရန် အားဖြည့်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ လေပြင်းဘေးဒဏ်ခံရလေ့ရှိသော ကျေးရွာများသို့သွားရောက်၍ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် စာရင်းကောက်ယူခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိကျေးရွာများသို့သွားရောက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)