နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးတိုးတက်‌စေရေးနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအား‌ပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ ကျေးရွာဘက်စုံသုံးခန်းမသို့ သွားရောက်ပြီး Rice Export Zone ဆောင်ရွက်မည့် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ နေပြည်‌တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်တွင်းစားသုံးမှုဖူလုံရုံတင်မကဘဲ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည့် အရည်အသွေးမီ ဆန်စပါးများ စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ရန်၊ Export Zone များမှတစ်ဆင့် တောင်သူများအနေဖြင့် မိမိတို့ထွက်ကုန်များကို ခိုင်မာသော ဈေးကွက်နှင့် ချိတ်ဆက်နိုင်ပြီး အကျိုးအမြတ်ပိုမိုရရှိစေရန်၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော သွင်းအားစုများကို အလေအလွင့်မရှိဘဲ အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုကြရန်၊ နိုင်ငံတော်က လိုအပ်သည်များကို ဖြည့်ဆည်းပေးသကဲ့သို့ တောင်သူများအ‌နေဖြင့်လည်း သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် တောင်သူများ၏ အခက်အခဲကို ကွင်းဆင်းကူညီဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များကိုရွေးချယ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ အထူးအလေးထား စိုက်ပျိုးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက တစ်ဧကအထွက်နူန်းတိုးတက်ရရှိရေး၊ Export Zone များ ဆောင်ရွက်ရန် ရွေးချယ်သတ်မှတ်ထားသည့်နေရာများ၌ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများ၊ ‌သဘာဝမြေဩဇာပြုလုပ်နည်းနှင့် သုံးစွဲပုံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သွင်းအားစုများကို တောင်သူများထံပေးအပ်ခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနူတ်ဆက်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကွင်းအမှတ်(၁၈၁၄)၊ ထန်းတစ်ပင်ကွင်း (၁၀)ဧက၌ တောင်သူ ဦးနိုင်ကြီးမှ ၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ပျိုးနိုင်ရေး ထယ်ရေးပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအတွင်း အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးအဖွဲ့မှ ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆေးကုသမှုလာရောက်ခံယူကြသည့် မိဘပြည်သူများအား စားသောက်ဖွယ်ရာများနှင့် နေအိမ်များတွင် ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ဘုရားဆင်းတုတော်များကို တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)