နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ မီးဘေးအပါအဝင် သဘာဝဘေးများ ကြိုတင်ကာကွယ်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျ ကြိုတင်စုဖွဲ့ပြင်ဆင်ထားရေးနှင့် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများအား ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်၊ ငါးနှင့် ဥစားကြက်၊ ဥစားဘဲများ တိုးချဲ့မွေးမြူနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ပြီး တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခွန်ရငွေများ တိုးတက်ရရှိနိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လမ်းဘေးဝဲယာများတွင် အရိပ်ရလေကာပင်များစိုက်ပျိုးရေးနှင့် လမ်းပခုံးများ စနစ်တကျဆောင်ရွက်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဆောင်ရွက်ရေး၊ ကျောင်းသား/ ကျောင်းသူများ တန်းစဥ်ကူးပြောင်းမှု မြင့်မားစေရေး၊ နေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)