မြောက်ဥက္ကလာပမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက် ‌‌‌‌၉ နာရီအချိန် မြို့နယ်အတွင်း မီးဘေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င်များက မေဓါဝီလမ်းမကြီးရှိ Danko ဆီဆိုင်၊ သုဓမ္မာလမ်းမကြီး၊ အဝိုင်းမီးပွိုင့်အနီးရှိ BOC စက်သုံးဆီဆိုင်နှင့် သုဓမ္မာလမ်းမကြီး၊ သုနန္ဒာမီးပွိုင့်အနီးရှိ Moon Sun စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများအား မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့် ရေစင်များကို ရေအပြည့်ဖြည့်တင်းထားရှိရေးတို့ကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)