တွံတေးမြို့နယ်၌ Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် ကျောင်းများ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂ဝ၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်စာစစ်ဌာနများဖြစ်သော အ.ထ.က (၁) နှင့် အ.ထ.က (၂) တို့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်ထွန်း မီးသတ်စခန်းမှ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အ.ထ.က (၁) ကျောင်းတာဝန်ခံဆရာ ဦးအောင်ဇော်နိုင်နှင့် အ.ထ.က (၂) မှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွှန့် ဆရာ/ဆရာမများက စာစစ်ဌာနတွင် စာ‌မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်ခန်းအပြင် မီးသတ်ဆေးဘူးများထားရှိမှုနှင့် မီးသတ်ဆေး‌ဘူးများ သက်တမ်းကုန်ဆုံးခြင်း ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စာသင်ခန်းများ အတွင်း/အပြင် သန့်ရှင်မှု ရှိ/မရှိ၊ စာသင်ခုံတန်းများ ခိုင်ခံမှုရှိ/မရှိ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့်များကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါတွံတေးမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် စာဖြေဌာန (၁၅) ခုရှိကြောင်း သိရသည်။ စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်