ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကကျင်းပရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအုန်းခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ ဦးနိုင်အောင်သန်းလွင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁ဝ၄ ဦးဖြင့် ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါမြို့နယ်အတွင်းနေထိုင်သည့် မသန်စွမ်းသူများမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် လိုအပ်သည့်အထောက်အထားများနှင့်အတူ ပူးတွဲ၍ မသန်စွမ်းမှတ်ပုံတင်ကတ်များ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြင့်မြင့်ရီ