ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

ပူတာအို ဖေဖော်ဝါရီ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ် လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့်နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင် သူနှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၀)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဘက်စုံသုံးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် သင်တန်းသူများ လုပ်ငန်း ထူထောင်လုပ် ကိုင်နိုင်ရေးရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းထွက် သီးနှံကုန်ချော ပစ္စည်းများအားလည်းကောင်း၊ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး ဦးဇော်လွင်ဦးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် သင်တန်းသူများအားလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်းက သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းတွင် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်မှ သင်တန်းသူစုစုပေါင်း(၂၀)ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်) ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက် ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်) ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို သင်တန်းနည်းပြများက ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)