မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးအား ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြပြီး ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် တင်ပြချက်များအပေါ် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကိန်းဂဏန်း၊ စာရင်းဇယားများ မြေပြင်အမှန်အတိုင်း အလေးထားပြုစုတင်ပြကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စည်းလုံးချစ်ခင်စွာဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အချင်းချင်းကူညီတည့်မတ်ပြီး တာဝန်ကျေပွန်အောင် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ကိန်းဂဏန်းအချက်အလက်များကို မြေပြင်အမှန်အတိုင်း အလေးထားတင်ပြကြရန် လိုအပ်ပါကြောင်း၊ ဆန်စပါးစိုက်ပျိုးရာတွင် ဒေသနှင့်အမှန်တကယ်ကိုက်ညီပြီး အကျိုးဖြစ်ထွန်းသည့် မျိုးစပါးဖြစ်စေရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် အားပေးစိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိမှုကြောင့် ဒေသတွင်းရှိ ကြက်၊ ဝက်များကို ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူစေပြီး နည်းလမ်းမျိုးစုံဖြင့် တိုးပွားအောင် မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်၍ ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဒေသတွင်းမွေးမြူရေးတိရစ္ဆာန်များ ကူးစက်ရောဂါမဖြစ်စေရေး အလေးအနက်ထား၍ ကြိုတင်ကာကွယ်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နယ်မြေအခြေအနေအရ တွဲဖက်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုနှင့် အသိပညာတိုးပွားစေရေး ဌာနတွင်းဆွေးနွေးပွဲများ၊ Workshop များပြုလုပ်၍ အကျိုးဖြစ်ထွန်းအောင် တာဝန်ရှိသူများက နည်းမှန်လမ်းမှန်နှင့် ဦးဆောင်ပြသပေးရန် လိုအပ်ပါကြောင်း၊ ထို့အတူ ဒေသအတွက် အကျိုးဖြစ်ထွန်းပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့သည့် လုပ်ငန်းများကို စနစ်တကျ မှတ်တမ်းပြုစု၍ တင်ပြအစီအရင်ခံနိုင်ရေး ဆောင်ရွက်ထားကြရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)