ထန်းတပင်မြို့နယ်၌ (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ် သင်တန်းအမှတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပ

ထန်းတပင် ဖေဖော်ဝါရီ ၁၈

(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ် သင်တန်းအမှတ်စဥ် (၁) ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်ကြီးတွင် သုံးရက်ကြာ ဖွင့်လှစ်ခဲ့ကြပြီး ယနေ့၊ မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစိန္တိတထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တသီလာစာရမှ သင်တန်းဆင်းဆုံးမသြဝါဒကထာမြွတ်ကြားခဲ့သည်။

ဆက်လက်၍ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန်းဝင်းက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး သြဝါဒါစရိယဆရာတော်များ၊ ဗဟိုဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA ) ဒုတိယဥက္ကဋ္ဌ ဦးပြည့်စိုးဟန်နှင့် အလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အလုပ်အမှုဆောင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ အမှတ် (၂၀၅) စစ်မှုထမ်းဟောင်းတပ်ရင်းဗိုလ်ကြီးတင်စိုး၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန်းဝင်း၊ အတွင်းရေးမှူး ဦးရန်လင်းအောင်၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့လည်း သင်တန်းသား သင်တန်းသူ (၁၂၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်