မြစ်သား ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီပွဲရုံများ၌ ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိပြီး စျေးနှုန်းမှာလည်း တည်ငြိမ်မှုရှိကြောင်း ကြက်သွန်ပွဲရုံများမှ သိရသည်။
မြစ်သားမြို့နယ် ဒေသခံတောင်သူများအနေဖြင့် ကြက်သွန်နီများကို မိသားစုဝင်ငွေအဖြစ် အဓိကထား စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ထွက်ရှိသော ကြက်သွန်နီများကို မြစ်သားမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် နေ့စဥ်တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်နီအကြီးဆိုက် တစ်ပိဿာလျှင် ၂၅၀၀/-ကျပ်၊ အလတ်ဆိုက်တစ် ပိဿာ လျှင် ၂၄၀၀/-ကျပ်ဖြစ်ပြီး အသေးဆိုက် တစ်ပိဿာလျှင် ၂၃၀၀/-ကျပ် ဖြစ်ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
မြစ်သားမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများအနေဖြင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကြက်သွန်ပွဲရုံများသို့ နေ့စဥ်စျေးနှုန်းအလိုက် ရောင်းဝယ်ပြုလုပ်နေပြီး လက်ရှိကြက်သွန်နီ စျေးနှုန်းမှာအမြင့်ဆုံး စျေးတစ်ပိဿာလျှင် ကျပ်၂၅၀၀/- ရရှိနေသည်။ မြစ်သားမြို့ ထွက်ကြက်သွန်နီများကို ပြည်တွင်းရှိ မြို့နယ်များအပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ နေ့စဥ် တင်ပို့ရောင်းချနေရကြောင်း၊ ယနေ့အချိန်ထိ ကြက်သွန်ဈေးတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း ဒေသခံတောင်သူများနှင့် ကြက်သွန်နီ A1 ပွဲရုံမန်နေဂျာတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)