တောင်ကြီး ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့က ဦးဆောင်၍ ဈေးများမီးလောင်ဆုံးရှုံးမှုမဖြစ် ပေါ်စေရေးအတွက်ဈေးများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကိုဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခွဲက စဝ်စံထွန်း ရပ်ကွက်၊ စဝ်စံထွန်းဈေး၌အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမြင့်သန်းက ဈေးသူဈေးသားများနှင့်ဒေသခံ ပြည်သူများအား မီးလောင်မှု အခြေခံသဘောတရားများ၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟော ပြောသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံ ဦးကျော်မိုး၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ ပူးပေါင်းမီးလောင်မှုဖြစ်ပွားခြင်း အမျိုးမျိုးတို့ကိုမီးသတ်ဆေးဘူးများ၊ မီးငြိမ်းသတ်အကူပစ္စည်းများဖြင့် ငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့် အပြင်ရှိလုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများကို သွယ်တန်းတပ်ဆင်ထားသောလျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှု ရှိ/မရှိ၊ ဈေးအတွင်းရှိစားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ဈေးများ မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက်နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ ရေဖျန်းခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်သည်။
ယင်းနောက်တာဝန်ရှိသူများက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် စုပေါင်းမီးငြိမ်းသတ်ခြင်းများ အရေးပေါ်မီးသတ်ဆေးဘူးအသုံးပြု မီးငြိမ်းသတ်နည်း၊ အဝတ်စိုးဖြင့်မီးငြိမ်းသတ်နည်းများဖြင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးခဲ့သည်။
အလားတူဈေးပိုင်ရပ်ကွက်ရှိ မြို့မဈေးနှင့်မဂ်လာဦးရပ်ကွက်ရှိ အမှတ် (၅) ဈေးများတွင် လည်းဈေးများ မီးလောင်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဈေးများမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)