နမ့်စန် မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

နမ့်စန်(တ) ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀နာရီက အမှတ် (၃) ရပ်ကွက်ရှိ အဆိုပါ မြို့မစည်ပင်သာယာ ဈေးကြီးရှေ့တွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဈေးရောင်းဈေးဝယ်နေကြသူများကို မီးသတ်ဆေးဗူးအသုံးပြု၍စနစ်တကျ မီးငြှိမ်းသတ်နည်းကို လက်တွေ့ပြသခဲ့ပြီး ပြည်သူများက ကိုယ်တိုင်လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဈေးအတွင်းရှိ ရေကန်များမှတဆင့်အပေါ့စား မီးစက်ဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြခြင်း၊ မီးသတ်ကားဖြင့်မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ ထိခိုက်ဒဏ်ရာရရှိသောလူနာများကို ရှာဖွေကယ်ဆယ်မှုသရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ဈေးရောင်း/ဈေးဝယ်နေသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)