နောင်တရား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းစိုက်ပျိုးသည့် မိုးနှောင်းအာလူးများကို ဖေဖော်ဝါရီလအတွင်းတွင် တူဖော်လျက်ရှိကြောင်း သိရသည်။
“နောင်တရားဒေသမှာ အာလူးကို မိုးကြိုအာလူး၊ စကမိုးနှောင်းအာလူးနှင့် နွေရာသီရေသွင်းအာလူးစသည်ဖြင့် သုံးရာသီစိုက်ပျိုးကြပါတယ် အဓိက စိုက်ပျိုးဖြစ်တာတော့ မားကစ်၊ မျက်နီ၊ အမ်စစ် စတဲ့မျိုးတွေကို ပြောင်းလဲစိုက်ပျိုးကြပါတယ်၊ အာလူးစိုက်ပျိုးရေး စရိတ်ကအရမ်းများလွန်းပါတယ်၊ ဇန်နဝါရီလအတွင်းက ထွက်တဲ့အာလူးတွေကျပ် ၆၀၀၀ အထိရောင်းချရပါတယ် ယခုဖေဖော်ဝါရီလမှ ကျပ် ၄၅၀၀ အထိ ဈေးနှုန်းကျဆင်းလာပါတယ် စိုက်ပျိုးရေးစရိတ်များလွန်းတော့ အာလူးအထွက်နှုန်းတိုးအောင် နည်းပညာမှန်မှန်နဲ့ ရွေးချယ်စိုက်ပျိုးရပါတယ်” ဟု အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
နောင်တရားဒေသ၌ထွက်ရှိသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်၊ ရန်ကုန်ဘုရင့် နောင်ကုန်စည်ဒိုင်နှင့် မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း အောက်ပြည်ဘက်၌ အာလူးထွက်ရှိမှုများပြားသည့်အတွက် ရှမ်းတောင်ဒေသထွက်အာလူးများ ဈေးနှုန်းကျဆင်းလျှက်ရှိသည်။ ကုန်စည်ဒိုင်များ၌ အာလူးအမျိုးအစားပေါ်မူတည်ပြီး အာလူး ၁ ပိဿာကျပ် ၃၅၀၀ မှကျပ် ၄၂၀၀ အထိ အာလူးအရည်အသွေး ပစ္စည်းကောင်းမကောင်းပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်းသိရသည်။
ခွန်အောင် (နောင်တရား)