ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ရပ်စောက်မြို့နယ်အတွင်းရှိ ဆည်နှင့် မြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မှုများနှင့် တောင်ကြီးမြို့နယ်‌ကျောက်နီမွေးမြူရေးဇုန်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်းရှိဆည်နှင့် မြောင်းများနုန်းများတူးဖော်ဆည်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်ကြီးမြို့နယ်‌ ကျောက်နီမွေးမြူရေးဇုန်သို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက်ပိုင်းကကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့ရှိ နောင်မိုင်းကန်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက စိုက်ပျိုးတောင်သူများအတွက် အကျိုးပြုသည့်ကန်ဖြစ်၍ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့် မီအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက် နောင်မိုင်းကန်ပဲပုပ်စိုက်ခင်း ရေပေးမြောင်းအမှတ် (၁)၊ အမှတ်(၂)များ အထွေထွေပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်၍ အရည်အသွေးပြည့်မီသည့် ရေပေးမြောင်းများဖြစ်အောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့်ကုန်ထုတ်လမ်းအား ရည်ရှည်အသုံးပြုနိုင်ရန် စနစ်တကျဆောင်ရွက်ပေးရန်မှာကြား၍ ပဲပုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရပ်စောက်မြို့ရှိ အင်းခေါင်းကန်ရေမှော်များ၊ ဒိုက်များဆည်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးရာ စည်ပင်သာယာရေးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက အင်းခေါင်းကန်သည် ဧရိယာ (၈၀) ဧကရှိပြီး အဓိကရေထွက် (၄) ခုရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့်တပ်များသို့ ရေများဖြန့်ဝေပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ရေအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်ရှိ ရောင်ခြည်ဦး ရေကူရေလွှဲဆည်အထွေထွေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးကလုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ကျောက်နီ မွေးမြူရေးဇုန်သို့သွားရောက်၍ နွားရုံ (၅၀'x၄၅') တည်ဆောက်ထားမှု၊ ပိုးသတ်ဆေးဖြန်းဂိတ် ဆောင်ရွက်ထားရှိမှု၊ Box Culvert နှင့် ကွန်ကရစ်အဝင်လမ်း ဆောင်ရွက်ထားမှုများနှင့် ရေပေးမြောင်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။ ယင်းနောက် အဆိုပါဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးနှင့် မွေးမြူရေးဆက်စပ်လုပ်ငန်းများဆောင်ရွက်မှု တိုးတက်မှုအခြေအနေအား စစ်ဆေးရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင် များကရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့်နွားများအား အကောင်အရေအတွက် ပြည့်မီအောင် မွေးမြူရန်နှင့် မျိုးကောင်းမျိုးသန့်များမွေးမြူရန်လိုအပ်ကြောင်း၊ ယခုနှစ်အတွင်း မွေးမြူရမည့် သတ်မှတ်ကောင်ရေ (၆၀%) ကျော်ရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းများအား လစဉ်တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်တစ်ဦးချင်းစီအလိုက် တိုးတက်မှုရှိရန် စီမံချက်ဖြင့်တင်ပြရန်၊ မှာကြား၍ လုပ်ငန်းရှင်များ၏ အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောက်နီမွေးမြူရေးဇုန်အတွင်းရှိ မိုးရေစုကန်အမှတ်-၂ အား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက လာမည့်မိုးရာသီတွင် ကန်ဘောင်တစ်လျှောက်နှင့် ကန်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ရေစုကန်အား ရည်ရှည်အသုံးပြုနိုင်ရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ (ပြန်/ဆက်)