ပူတာအို ဖေဖော်ဝါရီ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီး စသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျှော့ချနိုင်စေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ်၊ ဒါဂိုရှီဇားကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းသားများ ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက သင်တန်းထွက်သီးနှံကုန်ချောပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယရရှိသည့် သင်တန်းသူသုံးဦးအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းထွက်ကုန်ချောပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်၊ ဒါဂိုရှီဇားကျေးရွာမှ သင်တန်းသူစုစုပေါင်း (၂၀)ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု (ယို/ဖျော်ရည်/ဝိုင်)၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဖေဖော်ဝါရီ (၉)ရက်နေ့မှ (၁၃) ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)