မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်

မောက်မယ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်းသူဝယ် သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် မီးလောင်မှုမီးလန့်မှု ဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ မြို့မစျေးအတွင်းနှင့် စျေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ် နိုင်ရန်အတွက် DCP မီးသတ်ဆေးဘူး ကိုင်သွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့မစျေးဝန်းအတွင်း၌ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စျေးရောင်းသူဝယ်သူ များအား လိုက်နာဆောင်ရွက်ရမည့် အချက်အလက်ပုံစံများကို၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီး ငြှိမ်းသတ် သရုပ်ပြသခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)