တာချီလိတ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်း (တာချီလိတ်ရုံးခွဲ) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ရှမ်းရိုးမ ကုန်တိုက်ဟောင်းရှေ့ရှိ အဆိုပါ အသင်းရုံးနေရာတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး-အငြိမ်းစား)၊ ဒုဥက္ကဋ္ဌ ဦးဝင်းမောင်(စစ်သံမှူး-အငြိမ်းစား)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝင်ချုပ် ဦးမင်းကျော်လင်း၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယခရိုင်မှူး Mrs, Pasonpon၊ ရှမ်းအရှေ့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ အဖွဲ့ဝင် ဦးမင်းညို၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း (တာချီလိတ်ရုံးခွဲ) ဥက္ကဋ္ဌ ဦးဘိုလေး၊ မြို့မိမြို့ဖ ဦးဇော်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်း (သံအမတ်ကြီး-အငြိမ်းစား)က ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တာချီလိတ် မြို့မိမြို့ဖ ဦးဇော်မြင့် (Shwe Min Phyo Enterprise Co.,Ltd)က ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ရှိသူများက အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်၊ အသင်းဝင်မှတ်တမ်းလွှာများနှင့် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
အဆိုပါ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း (တာချီလိတ်ရုံးခွဲ)ကို နှစ်နိုင်ငံလူမှုစီးပွား လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူလူထု အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)