ဆီဆိုင် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစားစိတ်ဓာတ် ပိုမိုမြင့်မားလာစေရန်၊ နွေရာသီအားကစားသင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်၍ နွေရာသီအားကစားသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.က ကျောင်းနှင့် ကျေးရွာအားကစားကွင်းများ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးသည့် နွေရာသီအားကစားသင်တန်းများမှာ ဘောလုံး(ကျား/မ)၊ ဘောလီဘော(ကျား/မ)၊ စားပွဲတင်တင်းနစ်(ကျား/မ)၊ အေရိုးဗစ်/ Fitness dance (မ)နှင့် မြန်မာ့သိုင်း (ကျား/မ) စသည့် အားကစားနည်း(၅)မျိုးကို သင်တန်းနည်းပြများတို့က နေ့စဉ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၃ ရက်မှ မတ်လ ၁၅ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူများ မည်သူမဆိုတက်ရောက်နိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)