မိုင်းဖြတ် ဖေဖေါ်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တောညု၊ ဟာကြားဟုန်၊ ဆိုက်ခေါင်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးတောင်ယာမီး၊ တောမီးများမရှို့ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က မြန်မာနိုင်ငံတွင်မီးလောင်မှု(Fire Hotspot)ဖြစ်ပေါ်မှုများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြူမှုန်ကင်းစင်သော ကောင်းကင်ဖြစ်ပေါ်စေရေး မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံပူးတွဲ လုပ်ငန်းစီမံချက် Clear Sky Strategy (2024-2030) ၏ လုပ်ငန်းစဉ်များ၊ Fire Hotspots လျော့ချရေး ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား ထိရောက်သောပြစ်ဒဏ်ချမှတ်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထွဋ်လွင်က လယ်ယာထွက်စွန့်ပစ်ပစ္စည်းမျာ မီးမရှို့ဘဲရေရှည်တည့်တံသည့် တောင်ယာလှေခါးထစ်စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည် အသုံးပြုရေးကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအီလျံက မြေယာပိုင်ဆိုင်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်နိုင်က စွန့်ပစ်အမှိုက်များကိုမီးမရှို့ဘဲသဘာဝ မြေဩဇာအဖြစ်အသုံးပြုရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးဝင်းအောင်က တောမီးလောင်ကျွမ်းမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသိပညာပေးပိုစတာများ၊ မီးခိုမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)