(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၊ ရွှေဝါနဒီ ပန်းခြံအဆင့်မြှင့်တင်ခြင်းနှင့် ပန်းခြံအဝင်နှင်းဆီ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

တာချီလိတ် ဖေဖော်ဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့် တင်ခြင်းနှင့် ပန်းခြံအဝင်နှင်းဆီ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါပန်းခြံတွင် ကျင်းပသည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ကိုမင်းက ပန်းခြံနှင့် ပန်းခြံအဝင်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လုပ်ငန်းများအား အောင်မြင်အောင် ကြီးကြပ်ဆောင်ရွက်ပေးသည့် အမှုဆောင်အရာရှိနှင့် တာဝန်ယူတည်ဆောက်ပေးသော ပညာရှင် Mr.Woraphan Mongkhol၊ အလှူငွေကျပ်သိန်း ၃၀၀ ထည့်ဝင်လှူဒါန်းပေးသော ဦးထွန်းနေဦး၊ ဦးဇေယျာထွန်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ရွှေဝါနဒီပန်းခြံ ရေပန်းအဆောက်အဦ၊ ရေပန်းစလစ်၊ ပန်းခြံရေပိုက်လိုင်းစနစ် တည်ဆောက်ခြင်း၊ View Point အဆောက်အဦ၊ ပန်းခြံမြေရာ ရှု့ခင်းများ၊ ကော်ဖီဆိုင်ခန်းနှင့် Mini စားသောက်ဆိုင် အဆောက်အဦ၊ မယ်ခေါင်ချောင်း ရေကြီးရေလျှံ ကာကွယ်ရန်အတွက် မြေထိမ်းနံရံ အဆင့်မြှင့်တင်ထားရှိမှု အခြေအနေများနှင့် ပန်းခြံအဝင် နှင်းဆီလမ်း အရှည် ၇၁၅ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ် လမ်းသစ်တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)