ညောင်ရွှေ ဖေဖော်ဝါရီ ၁၃
ပြည်သူလူထု၏ အသက်စည်းစိမ်အိုးအိမ် ထိခိုက်ပျက်စီးမှုကြိုတင်ကာကွယ်ရန်၊ ဈေးဆိုင်ခန်းများနှင့် ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် တွေ့ကြုံလာပါက မြန်ဆန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဈေးသူဈေးသားများစုပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူဟိန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တွေ့ကြုံလာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အသုံးပြုနိုင်သည့် မီးငြိမ်းသတ်ရေး ပစ္စည်းများအကြောင်းကို အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက မီးငြိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဈေးသူဈေးသားများက အကူအညီပစ္စည်းများဖြင့် မီးငြိမ်းသတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါမီးငြိမ်းသတ်မှုများတွင် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်စဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ကား၊ မီးသတ်ပိုက်များဖြင့် မီးငြိမ်းသတ်တို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ