မောက်မယ် ဖေဖေါ်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၈နာရီက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲဂုဏ်ပြုတပ်ဖွဲ့ကဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့လာသောသဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် လူမှုရည်ချွန်ထူးချွန်ဆု၊ လူမှုထူးချွန်ဆု၊ စံပြထူးချွန်ဆုများ၊ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကာ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများတို့က တိုင်းရင်းသားရိုးရာ အကအလှလေးများတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပြခန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသပြီး ဝန်ထမ်းများက လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘောနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲများ ဆက်လက်ကျင်းပရာ အနိုင်ရရှိသည့်အသင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)