တာချီလိတ် ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာ သည့် သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက ဖတ်ကြားသည်။
ထို့နောက် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ချီးမြှင့်ပေးအပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ရရှိသည့် လူပုဂ္ဂိုလ် ၂ ဦးနှင့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် ဘာသာ၊ သာသနာဆိုင်ရာဆုနှင့် လူမှုထူးချွန်ဆုရရှိ ကြသည့် လူပုဂ္ဂိုလ် ၁၄ ဦးနှင့် လူမှုရေးအသင်းအဖွဲ့ ၂ ဖွဲ့တို့အား ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)