မိုင်းပန် ဖေဖော်ဝါရီ ၁၃
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမပန်းခြံ၌ ယမန်နေ့နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် အခမ်းအနားတက်ရောက်သူများက နိုင်ငံတော်အလံတင်အလေးပြုခဲ့ကြပြီး ကျောင်းသား/သူများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုသီချင်းသီဆိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းသူအောင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး တွင်ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များပြသခြင်းနှင့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)