ခိုလမ် ဖေဖော်ဝါရီ ၁၃
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား၊ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီက ခိုလမ်မြို့၊ ရွှေစေတီ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ဖွင့်လှစ်၍ အသင်း (၆) သင်းဖြင့် အသင်းအုပ်စု (၂) စုခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်းသိရသည်။ ၎င်းအားကစားပြိုင်ပွဲအား ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီက ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် အမှတ် (၁) ရပ်ကွက်အသင်းနှင့် အမှတ်(၅၊၆)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ရာ၌ အမှတ်(၁)ရပ်ကွက် အသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိဗိုလ်စွဲခဲ့ကြောင်းသိရသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဂိုးသမားဆုကို အမှတ် (၁) ရပ်ကွက်အသင်းမှ ကျောနံပါတ် (၁)နှင့် နောက်တန်းအကောင်းဆုံးဆုကို အမှတ် (၃) ရပ်ကွက်အသင်းမှ ကျောနံပါတ် (၃၀) တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီး ဌာနမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အလယ်တန်းအကောင်းဆုံးဆုကို အမှတ် (၅၊ ၆) ရပ်ကွက်အသင်းမှ ကျောနံပါတ် (၁၁) အား ကုတင် (၁၀၀) ပြည်သူ့ဆေးရုံးမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ရှေ့တန်းအကောင်းဆုံးဆုကို အမှတ် (၅၊ ၆) ရပ်ကွက်အသင်းမှ ကျောနံပါတ်(၁၀)အား မီးသတ်ဦးစီးဌာနမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုကို အမှတ် (၁) ရပ်ကွက်အသင်းမှ ကျောနံပါတ် (၈) အား သစ်တောဦးစီးဌာနမှလည်းကောင်း၊ တတိယဆုရရှိသော အမှတ် (၃) အသင်းအား စည်ပင်သာယာရေးဦးစီးဌာန၊ မြို့ဦးစီးမှူးမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၅၊၆)ရပ်ကွက် အသင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စခန်းမှူးမှလည်းကောင်း၊ ပထမဆုရရှိသည့် အမှတ် (၁)ရပ်ကွက် အသင်းအား မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်းမင်းစိုးတို့က လည်ဆွဲဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုကလပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်
ခိုလမ်(ပြန်/ဆက်)