ကျောက်မဲ ဖေဖော်ဝါရီ ၁၃
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်ယမန်နေ့နံနက် ၅ နာရီခွဲ နာရီအချိန်က ကျောက်မဲမြို့ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ အလံတင်အခမ်းအနားကိုလည်းကောင်း၊ နံနက် ၇ နာရီအချိန်က မြို့ကျက်သရေဆောင်ခန်းမ၌ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကိုလည်းကောင်းကျင်းပရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်တော်များ၊ တိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းမှ ဖတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်း အထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများကို ကျောက်မဲခရိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)