မိုင်းပျဉ်းမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ဖတ်ကြားသည်။ ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်  စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး၊ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)