မိုင်းကိုင် ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့မနက် ၅ နာရီခွဲ အချိန်က မိုင်းကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဆောင်ရွက်ခဲ့သည်။
ယင်းနောက်နံနက် (၇) နာရီအချိန်တွင် မိုင်းကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်မြတ်သွင်က ဖတ်ကြားခဲ့သည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချော (မိုင်းကိုင်)