(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်အော်ရေတံခွန်သွားလမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

ကွန်ဟိန်း ဖေဖော်ဝါရီ ၁၁

သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ကွန်အော်ရေတံခွန်သွားလမ်း(၀/၂.၅)မိုင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါလမ်းသစ်အဝင်မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ ကွန်ဟိန်းမြို့ စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသုအောင်၊ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ကွန်ဟိန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် လွိုင်လင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လွိုင်လင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်မှ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် ဧည့်သည်တော်များအား လမ်းဖွင့်ပွဲနှင့်ပတ်သက်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ဒေသခံတိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်အော်ရေတံခွန်သွားလမ်း(၀/၂.၅)မိုင် ကတ္တရာလမ်းသစ်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၃၂.၂၃၇) သန်းဖြင့် အရှည် (၀/၂.၅)မိုင်၊ အကျယ် ၁၂ပေဖြစ်ပြီး မြင့်မြတ်ခြယ်ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်အော်ရေတံခွန်သွားလမ်းပြီးစီးခြင်းအတွက် ဒေသတွင်း အထင်ကရနေရာဖြစ်သော ကွန်အော်ရေတံခွန်သို့ ခရီးသွားဧည့်သည်များ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပြီး ကွန်အော်ရေတံခွန်သို့သွားလာရာတွင် ယခင်ကထက် အချိန်ကုန်သက်သာစေသည့်အပြင် ဒေသတွင်းခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးအကျိုးကျေးဇူးများစွာရရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး