ပင်းတယ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ပွေးလှ-နန်းကုန်းကျေးရွာချင်းဆက် ကတ္တရာလမ်း (၀/၃)မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ ဒေသအဆင့်၊မြို့နယ်အဆင့်မှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများက ပွေးလှ - နန်းကုန်းကျေးရွာချင်းဆက်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံတော်မှ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ဆောင်ရွက်ရာမှာ အဓိကအခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို အဓိကဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပြီး ရာသီမရွေးသွားလာနိုင်တဲ့ လမ်း၊ တံတားများနည်းပါးမှုဟာ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုများကို နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် နိုင်ငံတော်မှနှစ်အလိုက် ဘဏ္ဍာရေးအစီအစဉ်များဖြင့် ကျေးလက်လမ်း/တံတားများကို အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပေးကာ ကျေးရွာသူ/ကျေးရွာသားများ၏ကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပွေးလှ-နန်းကုန်းကျေးရွာချင်းဆက်လမ်းသည် Class - B အမျိုးအစားဖြစ်ပြီး စုစုပေါင်းလမ်း အရှည် (၃/၀) မိုင်ရှိ၍ ကတ္တရာလမ်း(၀/၃)မိုင်နှင့်ကျောက်လမ်း (၂/၅)မိုင်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင်ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ကျောက်လမ်း (၃/၀) ကိုဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၃၈ ဒသမ ၀၁၉) ကျပ်သန်းဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၀/၃)မိုင်အား ဓနုသီဟကုမ္ပဏီကတာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)