တောင်ကြီး ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှကျင်းပသည့် ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းမှူးက ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး စိန်ဝင်းထံ မိန့်ခွန်းပြောကြားပေးနိုင်ပါရန် တင်ပြပြီး ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနအသီးသီးတွင်ရှိသည့် မီးသတ်ယာဉ်များသာမက ထပ်မံဝယ်ယူဖြည့်ဆည်းမည့် မီးသတ်ယာဉ်များကိုပါ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရန်အတွက် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်မှသာ မီးလောင်ပြင်သို့ အချိန်မီရောက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများလိုက်နာပြီး သင်တန်းအစမှ ပြီးဆုံးသည်အထိ ကြိုးစားတတ်ရောက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းမှူးက ရှမ်းပြည်နယ်အစိုးရအဖွဲဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းထံသို့ သင်တန်းဆက်လုပ်ခွင့်တောင်းခံပြီး ပြည်နယ်ဝန်ကြီးက သင်တန်းသားများနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၆)အား သင်တန်းသား (၂၅)ဦးဖြင့် ဖေဖော်ဝါရီလ (၂)ရက်နေ့မှ မတ်လ (၆)ရက်နေ့အတွင်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီ ၅၀ မိနစ်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)