ပျော်ဘွယ် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၃ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ဈေးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဈေးသူ ဈေးသားများ စည်းကမ်းတကျလိုက်နာရေးတို့ကို ဆွေးနွေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြိမ်းသတ်ခြင်းကို လေ့ကျင့် သရုပ်ပြသကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ယာဉ်အသုံးပြု၍ သရုပ်ပြလေ့ကျင့်ခြင်းကိုလည်းကောင်း၊ Rescue Tool များ အသုံးပြု၍ လူနာရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုများကိုကြည့်ရှုအားပေးပြီး ဈေးအတွင်း မီးဘေးကာကွယ်ရေး အတွက် ရေသိုလှောင်ထားမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)