ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှု နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများက မြေပိုင်ဆိုင်မှုအထောက်အထားများ၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုဇယားများနှင့် နေအိမ်ပျက်စီးမှုမှတ်တမ်းဓာတ်ပုံများစသည်တို့ကို စနစ်တကျ တိုက်ဆိုင်စစ်ဆေး၍ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့် နှုန်းထားအတိုင်း ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်သည်။
အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်)