ကျောက်ပန်းတောင်းမြို့၌ (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မြို့နယ်လုံးဆိုင်ရာ ဓမ္မဘိမ္မာန်တော်ကြီးတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမနဓဇထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွားသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ဓမ္မာနုဂ္ဂဟစာမေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကံလှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ပံ့ပိုးလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ယင်းနောက် မြို့နယ်ဥက္ကဋ္ဌဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြားကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကြသည်။

ယင်းနောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲအောင်မြင်ခဲ့ကြသည့် ပထမကြီးတန်း ၁၁ ပါး၊ ပထမလတ်တန်း ၂၆ ပါး၊ ပထမငယ်တန်း ၄၄ ပါး၊ အခြေပြု မူလတန်း ၆၇ ပါး၊ ဒုတိယအဆင့် ၇၉ ပါးနှင့် ပထမဆင့် ၁၂၅ ပါးတို့အား တာဝန်ရှိသူများက အောက်လက်မှတ်များ ဆက်ကပ်ကြပြီး လှူဖွယ်ဝထ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)