မိတ္ထီလာ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက်ဧက ၁၀၉၀ လျာထားသတ်မှတ်ထားပြီး ယင်းစိုက်ဧကများအနက် နွေစပါးစိုက်ဧက ၈၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းသို့ စိုက်ပျိုးရာတွင် နွေစပါးတစ်ဧကလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်နှစ်သိန်းခွဲအား အကျိူးတူ ကုမ္ပဏီအား ပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက်တောင်သူများအား ငွေကျပ် နှစ်သိန်းခွဲတန်ဖိုးနှင့် ညီမျှသည့် စပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်သွားမည် ဖြစ်သည်။ နွေစပါးများကို အဆိုပါပေးအပ်သည့်ကုမ္ပဏီအား ကာလပေါက်စျေးနှုန်းဖြင့် ငွေကျပ်နှစ်သိန်းခွဲကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကန်ထရိုက်လယ်ယာစနစ်ကို ထမုန်ကန် ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၉၀၊ ညောင်ကိုင်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀ ၊ ခင်လူးကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ညောင်ကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ကန်သာကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၆၀၊ ကဖြူကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀နှင့် မြာကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ GW-11 ၊ မှော်ဘီကောက်ညှင်း၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်းနှင့် မနောသုခမျိုးစပါးများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)