ပုဂံ ဖေဖော်ဝါရီ ၁၀
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏ မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ပထမဆုံးသော ပြတိုက်ဖြစ်ကြောင်း သိရသည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင် ဘုရားတောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဍာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။
ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်းသုတေသန ပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှု အနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုး ပန်းချီပြခန်းနှင့်ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း စသည့်ပြခန်း(၁၀)ခန်း ဖြင့် ခင်းကျင်းပြသထားသည်။ ၂၀၁၇ ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိ ရှစ်မြှောင့် ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားခဲ့ကြောင်း သိရသည်။
အထူးပင်မပြခန်းတွင် ကြီးမားသောသုံးဘက်မြင် ပုဂံရှုခင်းပုံနံရံပန်းချီကားချပ်၊ သဲကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဝင်ရှစ်ခန်းနှင့်ပုဂံခေတ်တွင် ထင်ရှားကျော်ကြားသော မင်းလေးပါးတို့၏ ကြေးရုပ်တုများကို ပြသထားသည်။ အမိုးမျက်နှာကြက်အား ရွှေဇဝါယွန်း၊ ရွှေချည်ထိုး၊ သစ်ကပ်ပန်း၊ သစ်သားပန်းပုနှင့်အင်္ဂတေပန်းစသည့် မြန်မာ့အနုပညာလက်ရာမျာဖြင့် တန်ဆာဆင်ထားသည်ကိုလေ့လာကြည့်ရှုနိုင်သည်။ ဗုဒ္ဓဝင်ရှစ်ခန်းမှာ မယ်တော်မာယာဖွားတော်မူခန်း၊ ဗောဓိပင်ရင်း၌ ဘုရားပွင့်တော်မူခန်း၊ ဗုဒ္ဓဓမ္မစကြာ တရားဦးဟောတော်မူခန်း၊ ဗုဒ္ဓနာဠာဂီရိ ဆင်မိုက်ကြီးကိုချွတ်ခန်း၊ ဗုဒ္ဓတာဝတိံသာ နတ်ပြည်မှဆင်းတော်မူခန်း၊ ဗုဒ္ဓသည်ဆွေမျိုးတော် သာကီဝင်မင်းတို့အား တန်ခိုးပြာဋိဟာ ပြတော်မူခန်း၊ ဗုဒ္ဓပါလိလေယျတော၌စံတော်မူခန်း၊ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်း တို့ပြသထားသည်ကိုလေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း