နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

နမ့်စန်(တ) ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြုခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ဖွင့်ပွဲ ပထမပွဲစဉ်အဖြစ် ရွှေညီကိုအသင်းနှင့် ကောင်းမြတ်(က)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ကောင်းမြတ်(က)အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)