တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဖေဖေါ်ဝါရီ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16/U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ် ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်၀င်းက ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုကာကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။

ယင်းနောက် နဂါးအလှအကအဖွဲ့၊ ခြ‌င်္သေ့အလှအကအဖွဲ့တို့က ဖျော်ဖြေကြပြီး ပထမနေ့ပြိုင်ပွဲများကို တက်ရောက်လာကြသည့် မြန်မာနိုင်ငံဘတ်စကက်‌ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲတွင် 5x5 အလွတ်တန်း အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများနှင့် 3x3

(U-16/ U-20) အမျိုးသား/အမျိုးသမီးဘတ်စကက်ဘော ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲသည် မျိုးဆက်သစ်ဘတ်စကက်ဘောအားကစားသမားများ ပေါ်ထွက်လာရန်ရည်ရွယ်၍ ပထမငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကာ ဖေဖေါ်ဝါရီ ၁၄ ရက်‌နေ့အထိ ကျင်းပမှာဖြစ်ပြီး (က) အုပ်စုတွင် M5 ACADEMY အသင်း၊ KAUNG SU AUNG အသင်း၊ တောင်ကြီး (B) အသင်း ၊ (ခ) အုပ်တွင် GROOT အသင်း၊ MAMBA TEAM အသင်း ၊ FIGHT CLUB (B) အသင်း၊ (ဂ) အုပ်စုတွင် ရွှေပုလ္လင်အသင်း၊ တောင်ကြီး (A) အသင်း၊ Z & Dအသင်း၊ (ဃ) အုပ်စုတွင် MOHA အသင်း၊ FIGHT CLUB (A) အသင်း၊ Sampar Oo အသင်း စုစု‌ပေါင်းအသင်း (၁၂) သင်း အားကစားသမား ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)