(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပုကျေးရွာအဝင် ကျောက်ချောလမ်းဖွင့်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၉

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက်ကားလမ်းမမှ တံခါးမ-ရွာပု ကျေးရွာအဝင် ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါလမ်းပေါ်ရှိ မုဒ်ဦးတွင် ပြုလုပ်သည်။

အဆိုပါလမ်းမှာ ကျောက်ချောလမ်း အမျိုးအစားဖြစ်ပြီး၊ လမ်းအရှည် (၀/၅)မိုင်၊ လမ်းအကျယ် ၁၆  ပေ ရှိ၍ ကုန်အပါ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်အား ၁၃ တန်ဖြစ်ကြောင်း သိရပြီး၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေ ၁၂၄. ၇၆၃ သန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက (၄.၆.၂၀၂၅) ရက်နေ့မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် (၁၅.၉.၂၀၂၅) ရက်နေ့တွင် လမ်းလုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရပြီး၊ တံခါးမကျေးရွာအုပ်စုရှိ တံခါးမကျေးရွာနှင့် ရွာပုကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၄၆ အိမ်၊ လူဦးရေ ၂၁၂၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးဧက ၃၆၅ ဧကမှ လယ်ယာထွက်ကုန်များ ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုသွားနိုင်မည်ဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသိမ့်က လမ်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြား၍ ကျေးရွာဒေသခံဦးတင်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ကျေးရွာအဝင်လမ်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ ကော်မတီအဖွဲ့ဝင်(၂) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းထွန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသိမ့်နှင့်  ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် မြို့နယ်တာဝန်ရှိသူများသည် လမ်းအား လှည့်လည် ကြည့်ရှစစ်ဆေးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသိမ့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး/ ရာအိမ်မှူးများ၊ ကျေးရွာဒေသခံများ စုစုပေါင်း ၁၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)