လားရှိုး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးတွင် ခရိုင်မီးဘေးလုံခြုံရေးအဖွဲ့မှဦးဆောင်၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်ဇင်၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ လျှပ်စစ်ကျွမ်းကျင် (၃) ဦးကိုကိုနိုင်၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများအား သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ ဈေးအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဗူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိ/မရှိနှင့် မီးသတ်ရေငုတ်များ၏ ရေထွက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ရေသယ်ယာဉ် ၃ စီးဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းများ၊ အရေးပေါ် လူနာကူညီကယ်ဆယ်နည်းများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးထွန်းက အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူ များက အချိန်မီ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)