ရွှေဆံတော်စေတီ ချေးချွတ်သန့်စင် ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်စေတီချေးချွတ်သန့်စင်နိုင်ရေးနှင့် ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးကြားမှူး ဦးညီမွန်း ဦးဆောင်သည့် အရာထမ်းများပါဝင်သောအဖွဲ့၊ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသော အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (ASI) မှ ကျွမ်းကျင်ပညာရှင်(၂)ဦးတို့နှင့်အတူ ရွှေဆံတော်ဂေါပကအဖွဲ့မှ ရွှေဆံတော်စေတီအား ချေးချွတ်သန့်စင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လိုကြောင်း တင်ပြလာမှုအပေါ်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ရွှေဆံတော်စေတီအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်မည်ဆိုပါက ရေရှည်ကြံ့ခိုင်နိုင်မည့်နည်းလမ်းများနှင့်မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို  ဆွေးနွေးခဲ့ရာ (ASI) အဖွဲ့က ထုံးသုတ်ခြင်းသည် ခေတ်သစ် အဆောက်အအုံတွင် ထိခိုက်သက်ရောက်မှုမရှိနိုင်သော်လည်း ရှေးဟောင်းအဆောက်အအုံရှိ ယခင်ထုံးသားလွှာအပေါ် ထပ်မံ၍ ထုံးသင်္ကန်းအသစ်ကပ်လှူမည်ဆိုပါက ခေတ်အဆက်ဆက် အထပ်ထပ်သုတ်ခဲ့သော ထုံးသားလွှာများကြောင့် ထုံးသားထုတက်၍ အတွင်းပိုင်းရှိ မူလအင်္ဂတေသည် ရေငွေ့ပြန်ထွက်မှု ကောင်းစွာမရရှိဘဲ တွယ်ကပ်မှုအားနည်းလာခြင်း၊ အင်္ဂတေသားများ ပွယောင်းမှုဖြစ်လာခြင်းတို့ကြောင့် ရေရှည်ကြံ့ခိုင်မှုမရှိနိုင်ကြောင်း၊  ထို့ကြောင့် ထုံးသင်္ကန်းထပ်မံ ကပ်လှူခြင်းအစား လက်ရှိထုံးသားလွှာများနှင့် ချေးများကို ဖယ်ရှားသန့်စင်ခြင်းကိုသာ ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ဖယ်ရှားသန့်စင်မှသာလျှင် မူလအင်္ဂတေလွှာပြန်လည်ပေါ်ထွက်လာမည်ဖြစ်ပြီး ၎င်းအင်္ဂတေလွှာ၏ ထိခိုက်မှုအခြေအနေများကိုစစ်ဆေး၍ လိုအပ်သည့် ထိန်းသိမ်းမှုများကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာစေတီတော်၏ မူလလက်ရာစစ်မှန်မှု (Authenticity)ကို ကာကွယ်ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ကြိုတင်ဆောင်ရွက်မှုအနေဖြင့် စေတီတော်၏ လက်ရှိအခြေ အနေ၊ထိခိုက်ပျက်စီးမှုအခြေအနေ၊ အားနည်းမှုရှိနေသည့်အခြေအနေ၊မူလလက်ရာကျန်ရှိမှုအခြေအနေတို့ကို Detail Assessment ကောက်ယူရမည်ဖြစ်ပြီး အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်များအနေဖြင့် ထုံးသားလွှာပေါ်ရှိ ရေညှိအမဲကြောင်းများနှင့်မှိုများအား (Dry Cleaning and Wet Cleaning) သန့်စင်ဖယ်ရှားခြင်း၊ အရောင်မညီမညာဖြစ်နေသည့် ထုံးသားလွှာများအား စနစ်တကျသန့်စင်ဖယ်ရှားခြင်း၊ မူလအင်္ဂတေအားကြံ့ခိုင် ထိန်းသိမ်းခြင်းနှင့် နောက်ဆုံးအဆင့်အနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိစေရန် Water Repellent (Siloxane Silane) ဖြင့် ကြိုတင်ကာကွယ်ခြင်း (Preservative Coating) တို့ကို အဆင့်ဆင့် အသေးစိတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ယင်းကဲ့သို့ ဆောင်ရွက်မည်ဆိုပါက အာနန္ဒာဂူဘုရားနှင့် မဟာဗောဓိဂူဘုရားများကဲ့သို့ မူလလက်ရာအတိုင်း ရှေးမူမပျက်မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေးနိုင်ပါကြောင်း (ASI) အဖွဲ့မှ အကြံပြုခဲ့ပြီး ကွင်းဆင်းအဖွဲ့အနေဖြင့်  ရွှေဆံတော်စေတီ ချေးချွတ်သန့်စင်ထိန်းသိမ်းခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များအား ဂေါပကအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ထီးလိုမင်းလိုဘုရားတွင် ရောင်းချနေသည့် ဈေးသည်များ ဈေးဆိုင်ခန်းများ စနစ်တကျရှိစေရေး တာဝန်ရှိသူများနှင့်ကွင်းဆင်းကြည့်ရှုပြီး၊ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းနိုင်ရေးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း