မိုင်းခတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟော‌ပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မိုင်းခတ် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၆ ခုနှစ်‌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် သိရှိထားသင့်‌သည့် မြန်မာနိုင်ငံပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအ‌ကြောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် အားလပ်သည့်အချိန်၌ စာကြည့်တိုက်သို့ လာရောက်၍ အချိန်ကို အကျိုးရှိစွာ အသုံးချသင့်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု‌လေ့လာကြပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်များ ငှားရမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)