နမ့်စန်(တ) ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ ၊ မြို့မိမြို့ဖများစုပေါင်း၍ မျက်စိဝေဒနာရှင်ပြည်သူများအား အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံတွင် တောင်ငူမြို့မှ မျက်စိသမားတော်များ ၊ မျက်စိအထူးကုဆရာဝန်များ၊ သူနာပြုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော အဖွဲ့က မျက်စိဝေဒနာရှင်ပြည်သူများကို အခမဲ့ စမ်းသပ်စစ်ဆေးပေး၍ ခွဲစိတ်ရန်လိုအပ်သူများကို ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်တို့က ဦးဆောင်၍ မြို့မိမြို့ဖများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများ၊ သာသနာရေးဆိုင်ရာအသင်းများ၊ ပြည်သူ့ဆေးရုံနှင့်ပုဂ္ဂလိကဆေးရုံမှ တာဝန်ရှိသူများက မျက်စိဝေဒနာရှင်ရဟန်းသံဃာ၊ သီလရှင်နှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ စမ်းသပ်ကုသခံနိုင်ရန်အတွက် နေထိုင်သွားလာရေးများ၊ အကြို/အပို့ကိစ္စရပ်များ ၊ ဝေယျာဝစ္စ ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါမျက်စိအခမဲ့စမ်းသပ် စစ်ဆေးကုသခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြိုတင်စာရင်းကောက်ခံထားရှိမှုအရ နမ့်စန်မြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှ စုစုပေါင်းမျက်စိဝေဒနာရှင် ၁၈၀၀ ဦးခန့်ရှိပြီး မျက်စိဝေဒနာရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်ပြသနိုင်ရေးအတွက် နေ့အလိုက် လူဦးရေအလိုက် စီစဉ်ဆောင်ရွက်ထားရှိကာ မျက်စိပြသမည့်ပြည်သူများကို ၁ ရက် ကြိုတင်အကြောင်းကြားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)